ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေရဲ့ ခါးသီးတဲ့ အမှန်တရား (၂)
ရွှေ့ပြောင်းမှုဆိုင်ရာ စိန်ခေါ်မှုများ
တရားဝင်စာရွက်စာတမ်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်တာ ပိုကောင်းမွန်ပေမယ့် ငွေကြေးဆိုင်ရာ အကန့်အသတ်ရှိသူတွေအတွက်တော့ ဒီကိစ္စက အခက်အခဲတခု ဖြစ်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေ အနည်းငယ်ပဲရှိသေးပါတယ်။ (၉၅) ရာခိုင်နှုန်းသော ရွှေ့ပြောင်းလုပ်သားတွေက သတင်းအချက်အလက်တွေအတွက် မိသားစုတွေနဲ့ မိတ်ဆွေတွေကို မှီခိုနေရတာကလည်း တရားဝင်ရွှေ့ပြောင်းနေထိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ ကိစ္စတွေလို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ မှန်ကန်တဲ့သတင်းအချက်အလက်(သို့မဟုတ်) ငွေကြေးအလုံအလောက် မရှိတာတွေ၊ မိသားစုကိုထောက်ပံ့နိုင်ဖို့ သင်တင့်တဲ့ဝင်ငွေရရှိဖို့အတွက် တွန်းအားတွေက စာရွက်စာတမ်းမရှိဘဲ ရွှေ့ပြောင်းနေထိုင်ဖို့ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေကြောင့် သူတို့ကို လုပ်ငန်းခွင်မှာ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှုတွေ ပိုဖြစ်လာနိုင်စေပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအများစုက အခြေခံပညာရေးနိမ့်ပါးသလို လစာနည်းပါးပြီး ထောက်ပံ့မှုအားနည်းတဲ့ ပတ်ဝန်းကျင်မှာအလုပ်လုပ်နေရပါတယ်။
UNDP ကနေ စစ်တမ်းကောက်ယူခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အမျိုးသားတွေထက်၊ အထောက်အထားမဲ့ အမျိုးသမီးတွေက (၃၀) ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်တာတွေပြုလုပ်နေတဲ့ အချိန်အတွင်းမှာ လိင်ပိုင်ဆိုင်ရာနှောက်ယှက်တာခံရတာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံဟာ သူ့ရဲ့အလုပ်သမားလိုအပ်ချက်တွေအတွက် လုပ်အားခချိုသာတဲ့ မြန်မာလုပ်သားတွေကို မှီခိုနေရတာ ကြာပါပြီ။ အဲဒီအလုပ်သမားတွေမှာ ငွေရေး၊ကြေးရေးအကန့်အသတ်နဲ့ ရွေးချယ်စရာလမ်းနည်းပါတာကြောင့် ခေါင်းပုံဖြတ်ခံရမယ့် အနေအထားတွေ ရောက်ရှိသွားစေပါတယ်” လို့ UNDP Myanmar ရဲ့ ဌာနေကိုယ်စားလှယ် တိုက်တန်မီထရာက ပြောထားပါတယ်။
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ တရားဝင်ဖြစ်မှုဆိုင်ရာ အတားအဆီးတွေကို ဖျက်သိမ်းပြီး အထောက်အထားစာရွက်စာတမ်းတွေ ရရှိဖို့ပြုလုပ်ပေးတာကလည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းတွေကို အကာအကွယ်ပေးဖို့ အရေးကြီးတဲ့၊ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ခေါင်းပုံဖြတ်ခံရတာတွေကင်းဝေးပြီး လုံခြုံတဲ့ပတ်ဝန်းကျင်က ရွှေ့ပြောင်းအလုပ်သမားတွေ နှစ်ဦးနှစ်ဘက်စလုံးကို အကျိုးပြုနိုင်ပြီး ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မယ်လို့လည်း တိုက်တန်မီထရာက ပြောထားပါတယ်။
Source & Photo : UNDP