ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေရဲ့ ခါးသီးတဲ့ အမှန်တရားများ (၁)
တရားဝင်အထောက်အထား၊ စာရွက်စာတမ်းမရှိဘဲ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုရဲ့ လုပ်ငန်းခွင်အခြေအနေတွေက အခြေခံအကျဆုံးအဆင့်မှာဘဲရှိနေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အများတန်းတူရရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ် နေရပ်ကို ပြန်ပို့ခံရနိုင်တဲ့ အခြေအနေတွေကြုံတွေ့နေရတယ်လို့ UNDP စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အလုပ်သမားရှားပါးမှု ပြဿနာကိုကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက အဓိကကျတဲ့အခန်းကဏ္ဍမှာ ရှိနေဆဲဖြစ်ပါတယ်။ အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဖြစ်စေမယ့် အကန့်အသတ်၊ အတားအဆီးတွေကို ဖယ်ရှားပေးတာက သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေတွေ ပိုမိုကောင်းမွန်လာပြီး ထိုင်းနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေကို ပိုမိုအထောက်အကူဖြစ်လာစေမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေ၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာတာတွေကြောင့် ပြည်သူတွေအနေနဲ့ ပုံမှန်ဝင်ငွေရရှိဖို့ ရုန်းကန်နေရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေရှာဖို့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းဖို့ကြိုးစားလာခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီလိုဝင်ရောက်တဲ့နေရာမှာ တရားဝင်ဝင်ရောက်ဖို့ ငွေကြေး(သို့မဟုတ်) လိုအပ်တဲ့အချက်အလက်မရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ခေါင်းပုံအဖြတ်ခံရတာတွေ၊ အလွဲသုံးစားပြုလုပ်ခံရတာတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမား (၂၂၄၉) ဦးကို ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ (၃၇) ရာခိုင်နှုန်းက ထိုင်းနိုင်ငံက ပြည်နယ်(၁၄) ခုမှာ အထောက်အထားမဲ့ အနေအထားနဲ့ နေထိုင်နေကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝနေထိုင်မှုနဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။
– မညီမျှတဲ့ လုပ်ငန်းခွင်အခြေအနေများ
တရားဝင်နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားရှိတဲ့ အမျိုးသားတွေအနေနဲ့ ပျှမ်းမျှလစာ ထိုင်းဘတ်ငွေ(၁၂၀၀၀)ကျော်ရရှိနေပေမယ့် အထောက်အထားတစုံတရာမရှိတဲ့ အမျိုးသမီးတွေကတော့ ဘတ်ရှစ်ထောင်ဝန်းကျင်ပဲ ရရှိနေတယ်လို့ ဆိုပါတယ်။ ဒီပမာဏက ထိုင်းနိုင်ငံရဲ့ တရားဝင်အနိမ့်ဆုံးလုပ်ခလစာထက် နည်းပါးနေသေးပေမယ့် UNDP က ပြုလုပ်တဲ့ စစ်တမ်းတွေကို ဖြေဆိုသူ (၁၇) ရာခိုင်နှုန်းကျော်က အဲဒီပမာဏထက် နည်းတဲ့ဝင်ငွေကို ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ထက်ဝက်ကျော်တဲ့ အမျိုးသမီးတွေက အထောက်အထားမဲ့ အခြေအနေနဲ့ နေထိုင်နေကြတာပါ။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ (၉၈) ရာခိုင်နှုန်းနဲ့ အထောက်အထားရှိသူ (၉၅) ရာခိုင်နှုန်းက လူမှုစီးပွားဆိုင်ရာ အခက်အခဲတွေအတွက် အကူအညီလုံးဝမရရှိပဲ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက သက်ဆိုင်ရာပြည်နယ်တွေမှာရှိတဲ့ ဘေးကင်းရေးဆိုင်ရာ (လူမှုဖူလုံရေး၊ အာမခံ) ကွန်ရက်တွေထဲမှာ အထောက်အထားရှိသူ (၆၂) ရာခိုင်နှုန်းက လူမှုဖူလုံရေးဝန်ဆောင်မှုတွေမှာ စာရင်းသွင်းထားပြီး (၄၄) ရာခိုင်နှုန်းက အစိုးရကျန်းမာရေးအာမခံဝန်ဆောင်မှုလုပ်ငန်းတွေမှာ စာရင်းသွင်းထားကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အထောက်အထားမရှိသူတွေကတော့ နှစ်ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းတွေက လူမှုဖူလုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ အာမခံထားရှိမှုတွေ အားနည်းတာကြောင့် ခက်ခဲ့နေတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရမှုနဲ့ ဖျားနာမှု၊ အလုပ်လက်မဲ့နဲ့ ကလေးသူငယ်ထောက်ပံ့ကြေးလို့ အရေးကြီးတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
– လက်လှမ်းမမှီတဲ့ စိတ်ကျန်းမာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းကတည်းက ပဋိပက္ခတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေ ဝင်ငွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့တာတွေကြောင့် စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတွေ သိသိသာသာကြုံတွေ့လာခဲ့ရတာပါ။
နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းမှာလည်း ဒီလိုစိတ်ဒဏ်ရာတွေပါလာတာနဲ့အတူ များပြားလှတဲ့ ခရီးစရိတ်၊ နိမ့်ပါးတဲ့ ဘဝနေထိုင်မှုအခြေအနေ၊ ခွဲခြားဆက်ဆံခံရမှု၊ ပတ်ဝန်းကျင်အသစ်မှာ နေထိုင်ရတဲ့အခက်အခဲနဲ့ တရားမဝင်နေထိုင်ရတာကြောင့် အချိန်မရွေး ပြည်နှင်ဒဏ်ခံရနိုင်မှု အနေအထားတွေက စိတ်ဒဏ်ရာရရှိပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပိုမိုးဆိုးရွားလာစေနိုင်ပါတယ်။
အထောက်အထားမဲ့ တရားမဝင်နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေပေမယ့်လည်း စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ဖို့ ခက်ခဲ့နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ မိမိတို့လူမှုအသိုက်အဝန်းထဲမှာ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ပြီး အချင်းချင်းကူညီအားပေးနိုင်မယ့် စနစ်တခုတည်ဆောက်နိုင်မှပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်ရောက်ရှိနေတဲ့ (၅၄) ရာခိုင်နှုန်းသော ရွှေ့ပြောင်းတွေနဲ့ ယှဉ်မယ်ဆိုရင် အထောက်အထားမရှိသူ (၁၂)ရာခိုင်နှုန်းကပဲ ပြည်သူ့ဆေးရုံတွေကို လက်လှမ်းမှီ အသုံးပြုနေနိုင်သေးတယ်လို့ သိရပါတယ်။ ကျန်းမာရေးအာမခံထားရင် ကုန်ကျစရိတ်ကြီးတာကို လျော့နိုင်ပေမယ့် တရားမဝင်နေထိုင်တဲ့သူတွေတချို့က သတင်းအချက်အလက်ရရှိမှု အားနည်းတာတွေ၊ ကျန်းမာရေးအာမခံထားသင့်တဲ့အကြောင်း မသိတာတွေကြောင့်လည်း သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ခက်ခဲနေတာလို့ ဆိုပါတယ်။
ဆက်လက်ဖော်ပြပါမည်…..
Source & Photo : UNDP / ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ
ကြာလေဆိုးလေဖြစ်လာတော့မှာ