အဆင်အပြေဆုံး ရွှေ့ပြောင်းနေထိုင်မှုဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

0

ရွှေ့ပြောင်းနေထိုင်တယ်တယ်ဆိုတာ မထူးဆန်းတဲ့ ကိစ္စတခုပါ။ ဟိုးအရင်ကတည်းက လူသားတွေဟာ၊ ကောင်းမွန်တဲ့ ရာသီဥတု၊ အစားအသောက်၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေ ရရှိဖို့ တနေရာကနေတနေရာ၊ ရေကြည်ရာကို ပြောင်းရွှေ့နေခဲ့ကြတာပါ။ အခုလိုအချိန်ကာလမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေက ကိုယ့်ရဲ့မိခင်နိုင်ငံထဲမှာပဲ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်လာကြသလို ပိုမိုကောင်းမွန်တဲ့ ဝင်ငွေနဲ့ မိသားစုဘဝတွေရရှိနိုင်ဖို့ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့အခြေချ၊ အလုပ်လုပ်ကိုင်တဲ့သူတွေလည်း ရှိလာပါတယ်။ ဒီလိုရွှေ့ပြောင်းအခြေချတဲ့နေရာမှာ အဆင်အပြေဆုံး ရွှေ့ပြောင်းနေထိုင်မှုဖြစ်ဖို့အတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းက ပြောပြထားတဲ့ အချက်တချို့ကို တင်ပြပေးလိုက်ပါတယ်။

– အသိပေးပါ

ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ချက်မချသေးခင် လူများများနဲ့ ပြောဆိုဆွေးနွေးသင့်ပါတယ်၊ အထူးသဖြင့် ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အသိပေး၊ တိုင်ပင်သင့်ပါတယ်။ မိမိဌာနေကို ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ NGO တွေ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရင်းအမြစ်စင်တာတွေမှာ ကိုယ်သိချင်တဲ့အချက်အလက်တွေကို မေးမြန်းခြင်းအားဖြင့် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။

နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့အခြေချ၊ အလုပ်လုပ်ကိုင်ရတာ ဘယ်လိုရှိလဲ၊ ကုန်ကျစရိတ်၊ ဘယ်လိုအလုပ် လုပ်နိုင်မလဲ၊ ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်သလဲ၊ ငွေဘယ်လောက်ရှာပြီး ဘယ်လောက် အိမ်ပြန်ပို့နိုင်မလဲ၊ မိသားစုဝင်တွေနဲ့ နှစ်ပေါင်းများစွာ ခွဲခွာနိုင်ရဲ့လား စတာတွေကို စဉ်းစားထားဖို့ လိုပါလိမ့်မယ်။ ကိုယ်ရွှေ့ပြောင်းဖို့ မဆုံးဖြတ်ခင်အချိန်မှာ သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှု ပုံစံတွေအကြောင်း ကြိုတင်လေ့လာထားသင့်ပါတယ်။

– တရားဝင်ပြောင်းရွှေ့နေထိုင်ပါ

တရားဝင်ရွှေ့ပြောင်းနေထိုင်ခြင်းအားဖြင့် ကိုယ်ရောက်နေတဲ့ နိုင်ငံတွေက အာဏာပိုင်တွေရဲ့ အကာအကွယ်ကို အချိန်နဲ့တပြေးညီ ပိုမိုရရှိဖို့ အလားအလာပိုကောင်းပါတယ်။ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ရွှေ့ပြောင်းနေထိုင်သူတွေက အမြတ်ထုတ်ခံရနိုင်ချေ ပိုမိုများပြားပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံရနိုင်သလို ပြည်နှင်ဒဏ်ပေးတာတွေကိုလည်း ခံရနိုင်ပါတယ်။

– ကိုယ်နဲ့ အလုပ်လုပ်မယ့် အေဂျင်စီကို စစ်ဆေးပါ

ကိုယ့်ကို ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီမှာ လိုင်စင်အမှန်အကန်ရှိလား၊ နာမည်ကောင်းရှိလား စစ်ဆေးသင့်ပါတယ်။ အေဂျင်စီ(သို့မဟုတ်) အလုပ်ရှင်အနေနဲ့ သင့်ရဲ့ မွေးသက္ကရာဇ်ကို ပြောင်းခိုင်းမယ်၊ စာချုပ်မရှိပဲ အလုပ်လုပ်ခိုင်းမယ်ဆိုရင်တော့ သတိထားဖို့လိုပါလိမ့်မယ်။ ဒီလိုအခြေအနေတွေမှာအလုပ်ရှင်တွေက တရားဝင်နည်းလမ်းနဲ့ အလုပ်ခန့်ဖို့ မစဉ်းစားထားဘဲ ခေါင်းပုံဖြတ်တာတွေ ဖြစ်လာနိုင်လို့ပါပဲ။

အလုပ်အကိုင်ရှာဖွေတာနဲ့ ရွှေ့ပြောင်းလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေတိုင်းအတွက် ပြေစာတွေကိုတောင်းပြီး သိမ်းထားသင့်ပါတယ်။ တချို့အလုပ်ရှင်တွေက ချေးငွေသဘောမျိုးနဲ့ ကမ်းလှမ်းတာတွေရှိတတ်ပါတယ်။

ဒီလိုကြုံလာရင် ချေးငွေဘယ်လိုပြန်ဆပ်ရမယ်ဆိုတာကို စဉ်းစားသင့်ပါတယ်။ အကြွေးတင်ပြီး ကြွေးမြီထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။

– အေဂျင်စီ(သို့မဟုတ်) သင့်အလုပ်ရှင်နှင့် စာချုပ်ချုပ်ပါ

လုပ်ငန်းခွင်(သို့မဟုတ်) နိုင်ငံခြားကိုမထွက်ခွာခင် ကိုယ့်ကိုဝန်ဆောင်မှုပေးတဲ့ အေဂျင်စီ(သို့မဟုတ်)အလုပ်ရှင်နဲ့ စာချုပ်ချုပ်ဆိုသင့်ပါတယ်။ အဲဒီစာချုပ်ကိုလည်း ကိုယ်ယုံကြည်ရသူ တဦးဦးနဲ့ သက်သေထားချုပ်ဆိုပြီး စာချုပ်မှာပါတဲ့ အချက်အလက်တွေကို သေချာနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စာချုပ်မှာ ကိုယ်သဘောတူထားတဲ့ အချက်တွေကို ဖော်ပြထားလို့ပါ။ ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ကိုယ်လုပ်ကိုင်ရမယ့်အလုပ်၊ လစာ၊ အလုပ်ချိန်နဲ့ အလုပ်ထွက်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ပါဝင်သင့်ပါတယ်။

– စာရွက်စာတမ်းတွေကို မိတ္တူကူးထားပါ

ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ အလုပ်ပါမစ်၊ စာချုပ်တွေ၊ ID ကတ်တွေနဲ့ တခြား ခရီးသွားစာရွက်၊ စာတမ်းတွေကို မိတ္တူတွေကူးထားပြီး မထွက်ခွာခင် မိသားစုနဲ့ သူငယ်ချင်းတွေဆီမှာ မိတ္တူပေးထားခဲ့ပါ။ စာရွက်၊ စာတမ်းမူရင်းတွေကို ကိုယ်သွားတဲ့နေရာရောက်ရင် လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားပြီး မိတ္တူတစုံကိုတော့ ကိုယ်နဲ့မကွာဆောင် အချိန်ပြည့်ဆောင်ထားသင်ပါတယ်။

– အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားပါ

ကိုယ်မထွက်ခွာခင် အရေးကြီးတဲ့အဆက်အသွယ် အသေးစိတ်အချက်အလက်တွေကို စာရင်းပြုစုထားပြီး မိတ္တူတစောင်ကို ကိုယ့်ရဲ့မိသားစုဆီမှာ ထားခဲ့ပါ။ အဲဒီစာရင်းမှာ ကိုယ့်နိုင်ငံရဲ့ သံရုံးဖုန်းနံပတ်၊ NGO၊ အလုပ်သမားသမဂ္ဂ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစု၊ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ ကိုယ်ကိုကူညီပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို နာမည်၊ ဖုန်းနံပတ်နဲ့တကွ အသေးစိတ်စာရင်းပြုစုပြီး အချိန်ပြည့် ကိုယ်နဲ့မကွာထားသင့်ပါတယ်။

– ကိုယ့်ကိုကူညီပံ့ပိုးနိုင်မယ် ကွန်ရက်တခုဖန်တီးပါ

နိုင်ငံရပ်ခြားပဲဖြစ်ဖြစ်၊ ကိုယ့်ပြည်တွင်းမှာပဲဖြစ်ဖြစ် ကိုယ်ဘေးကင်းတယ်ဆိုတဲ့အကြောင်း ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေဆီကို ပုံမှန်ဆက်သွယ်သင့်ပါတယ်။ သူတို့ကို ပုံမှန်ဆက်သွယ်နိုင်ဖို့ အစီအစဉ်တခုခု လုပ်ထားသင့်ပြီး လိုအပ်ရင် အကူအညီတောင်းနိုင်အောင် မိတ်ဆွေတွေနဲ့ ကွန်ရက်တခု ဖန်တီးထားသင့်ပါတယ်။

– လုပ်ငန်းခွင်မှာ ပြဿနာတွေကြုံလာရင်

ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ပဋိပက္ခတွေရှိလာရင် ကိုယ့်ရဲ့ ကြီးကြပ်ရေးမှူး(သို့မဟုတ်) အလုပ်ရှာပေးတဲ့ အေဂျင်စီနဲ့ အရင်ဆုံးဆွေးနွေးသင့်ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာက အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါပဲ။

ကိုယ်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို မှတ်တမ်းတင်ထားနိုင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ပြဿနာတွေရှိလာပြီဆိုရင် အလုပ်ရှင်၊ အာဏာပိုင်တွေကို အကူအညီတောင်းကြည့်ပါ။ တကယ်လို့ မပြေလည်ခဲ့ရင်တော့ အလုပ်သမားသမဂ္ဂတွေ၊ NGO တွေနဲ့ ဆက်သွယ်ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။

Source & Photo: ILO

#myanmarrhythm

#migrationtips

Leave a Reply

Your email address will not be published. Required fields are marked *