ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် ….

0

အခုလိုကာလမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နေထိုင်ရပ်တည်နေထိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလာကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့သူတွေ ရှိသလို တရားဝင်ရောက်လာတဲ့သူတွေအတွက်လည်း ထိုင်းအစိုးရက အလုပ်အကိုင်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးထားတာ ရှိပါတယ်။

တကိုယ်ရည်အလုပ်ကိုင်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် ကန့်သတ်ချက်တွေရှိပါတယ်။ ဘယ်လိုစီးပွားရေးတွေပဲလုပ်လုပ် ထိုင်းနိုင်ငံသားတွေပဲ ပိုင်ရှင်၊ သူဌေးဖြစ်ခွင့်ရှိဖို့ ဥပဒေသတ်မှတ်ချက် ရှိထားပါတယ်။

အိမ်ဈေးဆိုင်အသေးလေးဖွင့်တာကစ၊ စားသောက်ဆိုင်လုပ်ငန်းကြီးတွေအဆုံး နာမည်ခံပေးမယ့် ထိုင်းလူမျိုးတဦးကို လုပ်ငန်းအမျိုးအစားအလိုက် အခကြေးငွေပေးပြီး သူဌေးငှားရပါတယ်။ တကိုယ်ရည်အလုပ်လုပ်ကိုင်ဖို့အတွက် ပန်းရောင်ကတ်လုပ်ဖို့ နာမည်စာရင်း(Name List) တင်ရင်လည်း သူဌေးငှားရပါသေးတယ်။

မဲဆောက်လို နယ်စပ်မြို့တွေမှာတော့ အထောက်အထားတစုံတရာမရှိဘဲ ဆောက်လုပ်ရေး၊ ကယ်ရီမောင်း၊ ကုန်ထမ်း၊ ဈေးရောင်း၊ ဆိုင်အကူ စတဲ့အလုပ်လုပ်နေတဲ့ တရားမဝင်အလုပ်သမားတွေ ရှိပေမယ့် ရဲဖမ်းခံရရင် ဒဏ်ငွေသောင်းဂဏန်းအထိ ပေးဆောင်ရလေ့ ရှိပါတယ်။

– ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ဘယ်လိုအလုပ်တွေ လုပ်လို့ရလဲ။

ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတဦးချင်းစီအတွက် ကန့်သတ်ထားတဲ့ အလုပ်တွေမှာဝင်လုပ်တာ၊ တရားဝင်အလုပ်လုပ်ခွင့် (Work Permit)မရှိဘဲ အလုပ်လုပ်တာတွေကို တားမြစ်ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်ရှင်တွေအနေနဲ့လည်း ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေအတွက် နိုင်ငံခြားသားတွေကို အလုပ်ခန့်တာ (သို့မဟုတ်) တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit)မရှိဘဲ တစ်ဦးချင်း အလုပ်ခန့်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

– ထိုင်းမှာ နိုင်ငံခြားသားတွေအတွက် ကန့်သတ်ထားတဲ့ အလုပ်တွေက ဘာတွေလဲ။

ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားများဆိုင်ရာ အလုပ်အကိုင် စီမံခန့်ခွဲရေး အရေးပေါ်အမိန့် ပုဒ်မ(၇)အရ နိုင်ငံခြားသားတွေအတွက် တားမြစ်ထားတဲ့ အလုပ်အကိုင်အုပ်စုလေးခုကို ပုံစံတမျိုးစီနဲ့ ကန့်သတ်ထားပါတယ်။

အလုပ်အုပ်စုအမျိုးအစား (၁) မှာပါဝင်တဲ့ အလုပ်တွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ အလုပ်အုပ်စုအမျိုးအစား (၂) မှာပါဝင်တဲ့ အလုပ်တွေကိုတော့ ခြွင်းချက်နဲ့ တားမြစ်ထားပါတယ်။

အလုပ်အုပ်စုအမျိုးအစား (၃) မှာပါဝင်တဲ့ အလုပ်တွေမှာတော့ ကျွမ်းကျင် (သို့မဟုတ်) တပိုင်းကျွမ်းကျင် အလုပ်သမားတွေအတွက် ခြွင်းချက် ပေးထားပါတယ်။ နောက်ဆုံးအလုပ်အုပ်စုအမျိုးအစား (၄)မှာလည်း စာချုပ်အရ ခြွင်းချက် ပေးထားတာ ရှိပါတယ်။

ခြွင်းချက်တွေမှာ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ထိုင်းနိုင်ငံကနေ ကတိပြုထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေ၊ အလုပ်ရှင်ကနေ တရားဝင်အလုပ်ခန့်ခွင့်ရှိတဲ့ ကျွမ်းကျင်(သို့မဟုတ်) တစ်ပိုင်းကျွမ်းကျင်တဲ့ အလုပ်သမားတွေကို လုခြွင်းချက်နဲ့ ခွင့်ပြုတာတွေ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ Non-Immigrant B (Business Visa)နဲ့ Work Permit ကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။

(၁) တင်းတင်းကြပ်ကြပ် တားမြစ်ထားသော အလုပ်များ

ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေကို အောက်ဖော်ပြပါ အလုပ်အကိုင်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်တာကို တားမြစ်ထားပါတယ်။

သစ်သားပန်းပု၊ မော်တော်ယာဥ် မောင်းနှင်ခြင်း၊ စက်ပြင်မဟုတ်သော ကယ်ရီယာကို မောင်းနှင်ခြင်း(သို့မဟုတ်)အပြည်ပြည်ဆိုင်ရာ လေယာဉ်မောင်းနှင်ခြင်း(သို့မဟုတ်) လေလံလုပ်ငန်း၊ စာရင်းကိုင်၊ စာရင်းစစ်၊ စိန်(သို့မဟုတ်) အဖိုးတန် ကျောက်မျက်များ ဖြတ်တောက်ခြင်း(သို့မဟုတ်)အရောင်တင်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆံပင်အလှပြင်ခြင်း(သို့မဟုတ်)အလှပြင်ခြင်း၊ လက်ယက်ကန်းလုပ်ငန်း၊ ကြူ၊ ကြိမ်၊ လျှော်၊ ကောက်ရိုး(သို့မဟုတ်)ဝါးအခွံမှ ထွက်ကုန်များ ပြုလုပ်ခြင်း သို့မဟုတ် ယက်လုပ်ခြင်း၊ စက္ကူကို လက်ဖြင့်ပြုလုပ်ခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း၊ ထိုင်းဂီတတူရိယာများ ဖန်တီးခြင်း၊ ရွှေ၊ ငွေ(သို့မဟုတ်)ရွှေ-ကြေးနီသတ္တုစပ်မှ ထုတ်ကုန်များ ပြုလုပ်ခြင်း၊

ကြေးထည်လုပ်ငန်း၊ ထိုင်းအရုပ်များပြုလုပ်ခြင်း၊မွေ့ရာ(သို့မဟုတ်)စောင်ခြုံထည်ပြုလုပ်ခြင်း၊ဆွမ်းသပိတ်များ သွန်းလုပ်ခြင်း၊ ပိုးထည်ပစ္စည်းများကို လက်ဖြင့်ပြုလုပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ခြင်း၊

ဓားလုပ်ခြင်း၊ စက္ကူဖြင့် ထီးပြုလုပ်ခြင်း၊ ဖိနပ်ချုပ်ခြင်း၊ ဦးထုပ်လုပ်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းတွင် ပွဲစား(သို့မဟုတ်)အေဂျင်စီလုပ်ငန်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် တွက်ချက်ခြင်းဆိုင်ရာ အင်ဂျင်နီယာဌာနခွဲတွင် အင်ဂျင်နီယာအလုပ်၊ အဖွဲ့အစည်း၊ သုတေသန၊ စီစဉ်ခြင်း၊ စမ်းသပ်ခြင်း၊ ဆောက်လုပ်ရေး ကြီးကြပ်ခြင်း သို့မဟုတ် အထူးပြုအလုပ်မှ လွဲ၍ အကြံပေးခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ စီမံချက်ရေးဆွဲခြင်း၊ ခန့်မှန်းခြင်း၊ ဆောက်လုပ်ရေးညွှန်ကြားခြင်း(သို့မဟုတ်)အကြံပေးခြင်းဆိုင်ရာ ဗိသုကာအလုပ် အထည်ချုပ်လုပ်ခြင်း၊ မြေအိုး(သို့မဟုတ်)ကြွေထည်ပြုလုပ်ခြင်း၊ စီးကရက်ကို လက်ဖြင့်ပြုလုပ်ခြင်း၊ ဧည့်လမ်းညွှန်(သို့မဟုတ်)အလည်အပတ်ခရီးများ ပြုလုပ်ခြင်း။ လမ်းစျေးရောင်း၊ ထိုင်းစာ လက်ထွင်းစာလုံးပြုလုပ်ခြင်း၊ ရုံး(သို့)အတွင်းရေးမှူးအလုပ်ဥပဒေရေးရာ(သို့မဟုတ်)တရားစွဲခြင်းဆိုင်ရာ ဝန်ဆောင်မှု စတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။

(၂) ခြွင်းချက်ဖြင့် တားမြစ်ထားသော အလုပ်များ

ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာ ဥပဒေတွေအရ နိုင်ငံတကာ သဘောတူညီချက်တွေအောက်မှာ ကတိပြုထားတဲ့ တချို့အလုပ်အကိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ခြွင်းချက်တွေနဲ့ တားမြစ်ထားပါတယ်။

စာရင်းကိုင်ဝန်ဆောင်မှုများပြုလုပ်ခြင်း၊ စာရင်းစစ်ခြင်း၊ အခါအားလျော်စွာ စာရင်းစစ်ခြင်း၊ ASEAN Mutual Recognition Arrangement (MRA)နဲ့ အခြားနိုင်ငံတကာသဘောတူညီချက်များအောက်မှာ မှတ်ပုံတင်ထားတဲ့ သုတေသနနဲ့ စမ်းသပ်မှုတွေကလွဲရင် ဆောက်လုပ်ရေး ကြီးကြပ်မှု(သို့မဟုတ်) ကုန်ထုတ်လုပ်မှု၊ စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊

ပရောဂျက်လေ့လာမှု၊ ဒီဇိုင်း၊ ဆောက်လုပ်ရေးစီမံခန့်ခွဲမှု၊ ကြီးကြပ်မှု၊ စစ်ဆေးခြင်း စတာတွေကို ခြွင်းချက်နဲ့ တားမြစ်ထားပါတယ်။

(၃) ကျွမ်းကျင်(သို့မဟုတ်)တပိုင်းကျွမ်းကျင် အလုပ်သမားများအတွက် ခြွင်းချက်များ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားတွေကို တချို့သောလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်တာတွေ မပြုလုပ်ဖို့ တားမြစ်ထားပေမယ့် ခြွင်းချက်အနေနဲ့ ကျွမ်းကျင်(သို့မဟုတ်)တပိုင်းကျွမ်းကျင် အလုပ်သမားတွေကို ခွင့်ပြုထားတဲ့ လုပ်ငန်းတွေရှိပါတယ်။

စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ သစ်တော(သို့မဟုတ်)ရေလုပ်ငန်း၊ အုတ်ကျင်း၊ လက်သမား(သို့မဟုတ်)ဆောက်လုပ်ရေးလုပ်ငန်း၊ မွေ့ရာ(သို့မဟုတ်)စောင်ခြုံစောင်များ ပြုလုပ်ခြင်း၊ ဓားပြုလုပ်ခြင်း၊ ဖိနပ်ချုပ်ခြင်း၊ ဦးထုပ်ပြုလုပ်ခြင်း၊ စက်ချုပ်ခြင်း၊ မြေအိုး(သို့မဟုတ်)ကြွေထည်ပြုလုပ်ခြင်း စတဲ့လုပ်ငန်းတွေကို ခြွင်းချက်တွေနဲ့ ခွင့်ပြုပေးထားပါတယ်။

(၄) စာချုပ်များအရ ခြွင်းချက်ပေးထားသော အလုပ်များ

နိုင်ငံခြားအလုပ်သမားတွေအနေနဲ့ အောက်ဖော်ပြပါ အခြေအနေတွေမှာ တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နိုင်ခွင့် ရှိပါတယ်။ အဲဒီအလုပ်သမားတွေမှာ အလုပ်ရှင်ရှိရပါမယ်။

နားလည်မှု စာချွန်လွှာ (MoUs)သို့မဟုတ် ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံ အစိုးရတွေရဲ့ သဘောတူညီချက်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဖြစ်ရပါမယ်။ ဒီလိုခြွင်းချက်ပေးထားတဲ့ အလုပ်တွေကတော့ လက်ဖြင့်လုပ်ရသော အလုပ်နှင့် ကာယကြံ့ခိုင်မှု လိုအပ်သော ရိုးရိုးအလုပ်(ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံ) ဆိုင်ရှေ့တွင် ဈေးရောင်းချသူများ (လက်ကား(သို့မဟုတ်)လက်လီအရောင်းဆိုင်တွင် ကုန်ပစ္စည်းရောင်းချခြင်းအပြင် စျေး (သို့မဟုတ်)လမ်းဘေးရှိ ဈေးဆိုင်များတွင် အရောင်းအ၀ယ်ပြုလုပ်ခြင်း) တို့ကို စာချုပ်အရ ခြွင်းချက်ပေးထားပါတယ်။

Photo: Files / မြန်မာရွှေ့ပြောင်းလုပ်သားအများစု အလုပ်လုပ်ကိုင်နေသည့် မဲဆောက်ဈေးရုံကြီး မြင်ကွင်း

Ref: belaws.com

Leave a Reply

Your email address will not be published. Required fields are marked *