မဲဆောက်မှာ ကျောင်းထားမယ်ဆိုရင်

0

ရွှေ့ပြောင်းကျောင်း(Migrant School) တွေဆိုတာ မြန်မာ-ထိုင်းနယ်စပ်မှာရှိလာခဲ့တာ ရာစုနှစ်ဝက်နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြသူ ဒုက္ခသည်မိသားစုတွေရဲ့ သားသမီးတွေတက်ရောက်ဖို့ ဖွင့်လှစ်ခဲ့ရာကနေ နောက်ပိုင်းမှာတော့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေအတွက်ပါ အားကိုးရတဲ့ ကျောင်းတွေဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်လာသူတွေရဲ့ သားသမီးတွေအနေနဲ့လည်း ရွှေ့ပြောင်းကျောင်း(Migrant School) တွေကို အားထားလာရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း(၉)ခုရှိရာ တာ့ခ်ခရိုင်အရှေ့ခြမ်းက မြို့နယ်လေးခုဖြစ်တဲ့ တာ့ဆောင်ယန်း၊ မယ်ရမတ်၊ မဲဆောက်နဲ့ ဖို့ဖရမြို့နယ်တွေမှာ ရွှေ့ပြောင်းကျောင်း(Migrant School) (၆၄) ကျောင်းအထိ ရှိတယ်လို့ Migrant Educational Coordination Center(MECC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းကျောင်းတွေအနေနဲ့ တာ့ဆောင်ယန်းမြို့နယ်မှာ(၄)ကျောင်း၊ ဖို့ဖရမှာ(၁၁)ကျောင်း၊ မဲဆောက်မှာ(၄၆)ကျောင်းနဲ့ မယ်ရမတ်မြို့မှာ(၃)ကျောင်း ရှိနေပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စာရင်းတွေအရ မြို့နယ်လေးမြို့နယ်ထဲရှိတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက် စုစုပေါင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ (၈၈၉၉) ဦးပဲ ရှိခဲ့တာပါ။

ဒါပေမဲ့ နိုင်ငံရေးအရ ရွှေ့ပြောင်းလာတဲ့သူတွေများလာတာကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့(၁၄၆၂၇)ဦးအထိ တိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာရှိတဲ့ (၇၀)ရာခိုင်နှုန်းကျော်က ရွှေ့ပြောင်းကျောင်း အများဆုံးရှိတဲ့ မဲဆောက်မြို့မှာ တက်ရောက်နေကြတာပါ။

မဲဆောက်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ မိဘတွေအတွက် မိမိသားသမီးတွေအတွက် ပညာရေးနဲ့ဆိုင်တဲ့ သိထားသင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

– သင်ရိုးညွှန်းတမ်း

ဒီကျောင်းတွေမှာ မြန်မာ့သင်ရိုးညွှန်းတမ်း၊ ထိုင်းသင်ရိုး၊ မူကြို၊ Pre GED လို့ခေါ်တဲ့ GED(General Education Development Diploma) Test ဖြေဆိုဖို့ ပြင်ဆင်ပေးတဲ့ ကျောင်းတွေအပြင် အခြေခံမရှိတဲ့ သူတွေအတွက်လည်း (Non-formal Education/NFE) တွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဆာသူးလေနဲ့ CDC တို့လိုမူလရှိရင်းစွဲ ကျောင်းအများစုမှာတော့ ကရင်စာနဲ့ ထိုင်းစာကို ကျောင်းအပေါ်မူတည်ပြီး အခြေခံကနေ အထက်တန်းအဆင့်အထိ သင်ကြားပေးပါတယ်။ နောက်ပိုင်းမှ ဖွင့်လာတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေမှာတော့ ကရင်စာနဲ့ ထိုင်းစာကို သင်ကြားတာနည်းသွားပါတယ်။

ကျောင်းအလိုက်သင်ရိုးညွှန်းတမ်း အနည်းငယ်ကွာ ကြပါတယ်။ သွေးသစ်(New Blood) ကျောင်းမှာဆိုရင်တော့ မူကြိုကနေ ခုနစ်တန်းအထိပဲ မြန်မာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပြီး ကျန်တဲ့အတန်းတွေက Pre GED နဲ့ GED အတန်းတွေကိုပဲ သင်ကြားပေးတော့တာပါ။

အဲဒီကျောင်းတွေကနေ ထိုင်းအစိုးရစာသင်ကျောင်းတွေကို ကူးပြောင်းတက်ရောက်နိုင်သလို့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းရဲ့ ကျောင်းထွက်လက်မှတ်ပါရင် မြန်မာနိုင်ငံကအစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေမှာလည်း ပြန်တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

– မူကြို

ဝင်ငွေနည်းမြန်မာရွှေ့ပြောင်းလုပ်သား အများစုကတော့ သူတို့ကလေးတွေကို ရွှေ့ပြောင်းကျောင်းတွေမှာပဲ မူကြိုထားလေ့ရှိပါတယ်။ ဒီမှာရှိတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာ မူကြိုထားရင် ကျောင်းဝင်ကြေး ဘတ်(၅၀၀-၁၀၀၀)ဝန်းကျင်၊ ကျောင်းလခ တလ(၃၀၀)ဝန်းကျင်နဲ့ ကျောင်းကားခ တလကိုဘတ်(၅၀၀) ဝန်းကျင်လောက် ပေးရပါတယ်။

ဒါက ရှိရင်းစွဲရွှေ့ပြောင်း ကျောင်းတွေမှာပါ။ နိုင်ငံရေးအရ ခိုလှုံလာသူတွေအများစု ဖွင့်ထားတဲ့ ပြင်ပပုဂ္ဂလိက မူကြိုတွေလည်း မဲဆောက်မှာ ရှိပါတယ်။ အဲဒီမူကြိုတွေမှာတော့ ဝင်ကြေး ဘတ်(၅၀၀-၁၀၀၀) အထိရှိပြီး ကျောင်းလခအနေနဲ့တော့ တလကို ဘတ်(၁၅၀၀)ကနေ နှစ်ထောင်အထိ ရှိကြပါတယ်။

– မူလတန်း၊ အလယ်တန်း၊ အထက်တန်း

မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းအများစုက ပုံမှန်ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်း (သို့မဟုတ်) အလှူရှင်တွေနဲ့ ရပ်တည်နေရတာကြောင့် ကျောင်းအလိုက် ပံ့ပိုးမှုရရှိတဲ့အပေါ်မူတည်ပြီး၊ ကျောင်းဝင်ကြေးနဲ့ ကျောင်းလခပေးဆောင်ရတာ နည်းနည်းလေးကွာခြားမှု ရှိပါတယ်။

ကျောင်းဝင်ကြေး ဘတ်(၅၀၀) ကနေ တစ်ထောင်ဝန်းကျင်၊ ကျောင်းလခ ဘတ်(၃၀၀-၅၀၀)ဝန်းကျင် အထိရှိကြပါတယ်။ သက်တမ်းရင့် ရွှေ့ပြောင်းကျောင်းတချို့မှာတော့ ရက်အပိုင်းအခြားအလိုက် မူကြိုကနေ မူလတန်းအထိကို အစားအသောက်(နွားနို့၊ နေ့လည်စာ)အခမဲ့ ကျွေးမွေးလေ့ရှိပြီး နောက်ပိုင်းဖွင့်လာတဲ့ ကျောင်းတချို့ကတော့ အစားအသောက်အတွက် နှုန်းထားတခုနဲ့ ကောက်ခံတာတွေ ရှိပါတယ်။

– GED

GED အတွက် တာ့ဆောင်ယန်းက နို့ဖိုးကျောင်း၊ ဖို့ဖရက သူးမွဲခီးကျောင်းနဲ့ မဲဆောက်မြို့မှာဆိုရင် ဆာသူးလေ၊ သွေးသစ်၊ မင်းမဟော်၊ Star Flower၊ ခွယ်ကဘောင်၊ SauchShaHangSarနဲ့ CDC ကျောင်းတွေမှာ GED တန်းလို့ခေါ်တဲ့ General Education Development အတန်းတွေ ဖွင့်လှစ်ထားပါတယ်။

အခုနောက်ပိုင်းမှာ သားသမီးတွေ ပညာရေးအတွက် မဲဆောက်ဘက်ကို ပြောင်းလာတဲ့ မိသားစုတွေများလာလို့ လာမယ့် ပညာသင်နှစ်အတွင်း GED တန်း လက်ခံပေးနိုင်တဲ့ ကျောင်းတွေမှာ ကျောင်းသားအများအပြား ဝင်ရောက်လာနိုင်ပါတယ်။ မဲဆောက်မြို့က ဆာသူးလေကျောင်းမှာတော့ ပြီးခဲ့တဲ့ပညာသင်နှစ်အတွက် မူကြိုကနေ GED (၁၂)တန်းအထိ ကျောင်းဝင်ကြေးတနှစ်ကို ဘတ်(၁၂၀၀)နဲ့ ကျောင်းလခက တလကို ဘတ်သုံးရာကောက်ခံခဲ့တယ်လို့ သိရပါတယ်။

GED တန်းတွေအတွက် ကျောင်းအပေါ်မူတည်ပြီး ဝင်ကြေးနဲ့ ကျောင်းလခ ကွာခြားမှုအနည်းငယ်တော့ ရှိကြပါတယ်။ ဒီလိုရွှေ့ပြောင်းကျောင်းတွေမှာ GED တန်း မတက်ချင်တဲ့သူတွေအနေနဲ့ အွန်လိုင်းကနေသာမက ကျောင်းမှာပါ သင်ပေးတဲ့ ပြင်ပကျောင်းတွေရှိပါတယ်။

GED အကြိုတန်းတွေအတွက် တပတ်ငါးရက်ကျောင်းတက်ရင် တလ ဘတ်(၁၅၀၀) ဝန်းကျင်၊ အွန်လိုင်းကသင်မယ်ဆိုရင် (၁၂၀၀) ဝန်းကျင်နဲ့ GED အကြီးတန်းတွေအတွက် တပတ်ငါးရက်ကျောင်းတက်ရင် တလ ဘတ်(၂၀၀၀) ဝန်းကျင်၊ အွန်လိုင်းကသင်မယ်ဆိုရင် (၁၅၀၀)ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

– ထိုင်းအစိုးရကျောင်း

ထိုင်းနိုင်ငံမှာ အနေကြာတဲ့သူတွေ၊ အထောက်အထားရှိပြီးသားသူတချို့ကတော့ ထိုင်းအစိုးရကျောင်းတွေမှာ ထားကြပါတယ်။ ဒီလိုထားဖို့အတွက် မိဘတဦးဦးမှာ အထောက်အထားအနေနဲ့ အနည်းဆုံး ပန်းရောင်ကတ် ရှိမှရပါမယ်။ မရှိရင်တော့ ထိုင်းနိုင်ငံသား တယောက်က တာဝန်ယူ ကျောင်းအပ်ပေးရင်လည်းရပါတယ်။ စာရွက်စာတမ်းအနေနဲ့ ထိုင်းမွေးစားရင်းရှိရင်ရှိ၊ မရှိရင် မြန်မာမွေးစာရင်းကို ထိုင်းလိုနိုတြီဘာသာပြန်ပြီး အပ်လို့ရပါတယ်။ တခုရှိတာက မူလတန်းတွေအတွက် လစဉ်ကြေးပေးစရာမလိုဘဲ နှစ်စဉ်ကြေး ဘတ်(၃၅၀၀) ပေးရုံနဲ့ ကျောင်းအပ်လို့ရပါတယ်။

– အင်တာနေရှင်နယ်ကျောင်း

မစ်ရှင်ကျောင်းတခုဖြစ်တဲ့ Crossroad Mae Sot Learning Centre က မဲဆောက်မှာ လူသိများပါတယ်။ နာမည်ကြီးသလို ကျောင်းစရိတ်လည်းကြီးလို့ သာမန်သူတွေအတွက်တော့ အဆင်မပြေပါဘူး။ ဝင်ကြေးအနေနဲ့ ဘတ်တသောင်းသတ်မှတ်ထားပြီး အတန်းအလိုက် တလကို ဘတ်(၅၅၀၀) ကနေ ဘတ်ရှစ်ထောင်ဝန်းကျင်အထိ ရှိပါတယ်။ KKIS ပုဂ္ဂလိကကျောင်းနဲ့ အမှတ်(၁)တံတားနားမှာရှိပြီး မြဝတီမြို့ကနေလာတက်ကြသူတွေများတဲ့ Pataravitaya School တို့လို ဝင်ကြေး၊ လစာနှုန်းထားမြင့်တဲ့ ကျောင်းတွေလည်း ရှိပါတယ်။

Photo: Hsa Thoo Lei Learning Center

မဲဆောက်မြို့ရှိ ဆာသူးလေ ရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ

Leave a Reply

Your email address will not be published. Required fields are marked *