မဲဆောက်(သို့မဟုတ်) မြန်မာရွှေ့ပြောင်းတွေရဲ့ ဒုတိယ ရန်ကုန် -၂

0

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်အများအပြားဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားလာကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်း၊ လေယာဉ်လမ်းခရီးစဉ်တွေနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့၊ ခေတ္တတိမ်းရှောင်ဖို့၊ တတိယနိုင်ငံသွားဖို့ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာဖို့ကြိုးစားကြပေမယ့် မြန်မာတွေများနေပြီဆိုတဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်ဖို့ ထင်သလောက်မလွယ်ကူလှပါဘူး။

ဘယ်လိုအကြောင်းမျိုးတွေနဲ့ပဲ ရောက်လာတဲ့သူဖြစ်ဖြစ် ထိုင်းနိုင်ငံကို ရောက်လာပြီဆိုရင် ရပ်တည်နေထိုင်မှုအတွက် အလုပ်တခုတော့ မဖြစ်မနေ လုပ်ကြရမှာပါ။ အထုတ်ပိုက်ပြီး လာမယ့်လူနည်းစုအတွက်တော့ အလုပ်မရှိရင်ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရေရှည်ရပ်တည်နေနိုင်ဖို့အတွက် အလုပ်တခုတော့ လိုပါလိမ့်မယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းကျော်ရှိနေပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းရွှေ့လာတဲ့ ရွှေ့ပြောင်းလုပ်သားအရေအတွက်က လေးသိန်းကျော်ရှိနေပါတယ်။ ဒီနေရာမှာ အခြေကျပြီးသား ရွှေ့ပြောင်းတွေအတွက် ပြဿနာသိပ်မရှိလှပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာတဲ့သူတွေကတော့ အခုအချိန်အထိ အနည်းနဲ့အများရုန်းကန်နေရတာ ငြင်းလို့မရတဲ့ အချက်တခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရောက်လာကြတဲ့ ရာထူးအမျိုးမျိူး၊ အဆင့်အတန်း အမျိုးမျိုးသော တိမ်းရှောင်လာသူတွေအားလုံးက ထိုင်းနိုင်ငံကိုရောက်ရင် ရရာအလုပ်လုပ်ပြီး ဘဝကိုတစ်ကနေ ပြန်စနေကြတာပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် ကာယလုပ်သား (Blue Collar)နဲ့ ဉာဏလုပ်သား (White Collar) နှစ်မျိုးပဲရှိပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ အသုံးစရိတ်ကွာခြားမှု ရှိပါမယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့သူအများစုက မဲဆောက်၊ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေမှာ အခြေချနေထိုင်တာများပါတယ်။

– အလုပ်လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ

အခုအချိန်မှ ထိုင်းနိုင်ငံကိုလာမယ့်သူတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက ကျောင်းသားဗီဇာ (University ED visa)နဲ့ ဘာသာစကားသင်တန်းကျောင်း ဗီဇာ (Language School Visa)တွေနဲ့ လာရောက်နေကြပေမယ့် အလုပ်လုပ်ပြီး အခြေချနေမယ့်သူတွေအတွက်တော့ ပန်းရောင်ကတ် မဖြစ်မနေလုပ်မှ ရပါမယ်။ အခုအချိန်မှာ ထိုင်းအစိုးရက ဒီနှစ်အတွက် ပန်းရောင်ကတ်ထုတ်ပေးမယ့် လုပ်ငန်းစဉ်တွေ ပြန်စတော့မှာဖြစ်လို့ ကိုယ်အပ်မယ့် ပွဲစား၊ Agent တွေကို သေချာစိစစ်ပြီးလုပ်ဖို့ လိုပါလိမ့်မယ်။

အမှန်အကန်သမားတွေလည်းရှိသလို အကြံအဖန်သမားတွေလည်း များလာတာကြောင့်ပါ။ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးလူလိမ်တွေက ထိုင်းလူမျိုးလူလိမ်တွေထက် ပိုများပါတယ်။

Work permit အတွက် ထိုင်းအစိုးရက တခါတလေ သုံးနှစ်လောက်ကြာမှတခါ ပြန်လုပ်ပေးသလို တနှစ်တည်းမှာပဲ နှစ်ကြိမ်လောက်ဖွင့်ပေးတာတွေလည်း ရှိပါတယ်။ လုပ်ပေးတဲ့အချိန်မှာပဲ အချိန်မီတင်ဖို့လိုမှာဖြစ်ပြီး သတ်မှတ်ချိန်ကျော်သွားရင်တော့တင်ဖို့ ခက်ခဲပါလိမ့်မယ်။

မဲဆောက်လိုနေရာမျိုးမှာတော့ တလသုံးရာနဲ့ ရဲကတ်လုပ်ထားပြီး နားလည်မှုနဲ့အလုပ်လုပ် ဆိုင်ကယ်ကယ်ရီဆွဲ၊ ကားမောင်းလို့ရပါတယ်။ နောက်တခုက တံတားလက်မှတ်လို့ခေါ်တဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့

မဲဆောက်မြို့မှာ အလုပ်လုပ်နေတဲ့ သူတွေလည်း ရှိပါတယ်။ တပတ်တခါတော့ သက်တမ်းသွားတိုးရမယ့် အလုပ်တခုတော့ ပိုလာမှာပေါ့။

ကျန်တဲ့မြို့တွေမှာတော့ ပန်းရောင်ကတ်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity)လို အထောက်အထားတခုခုတော့ လိုပါလိမ့်မယ်။ ဒါမှလည်း ယာဉ်မောင်းလိုင်စင်၊ ဘဏ်အကောင့်ဖွင့်၊ အိမ်ငှားဖို့အတွက်တွေ အဆင်ပြေမှာပါ၊ ဖြစ်နိုင်ရင်တော့ ရဲ၊ တောမော(လဝက) မကြောက်ရဘဲ နောက်ကြောင်းအေးအေး နေလို့ရအောင် အထောက်အထားတခုခုတော့ လုပ်ထားသင့်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘယ်နေရာပဲဖြစ်ဖြစ် အထောက် အထားမဲ့နဲ့ ရဲဖမ်းခံရရင် ထောင်လေးဆယ့်ငါးရက်ကျပြီး မြန်မာနိုင်ငံဘက်ပြန်သွန်ခံရနိုင်မယ့် အချက်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

– အလုပ်အကိုင် အခွင့်အလမ်း

ထိုင်းနိုင်ငံမှာ လူခံမရှိ၊ နောက်ကနေ ပံ့ပိုးပေးနိုင်မယ့်သူမရှိဘဲ လာမယ်ဆိုရင်တော့ တော်တော်ရုန်းကန်ရပါလိမ့်မယ်။ အင်္ဂလိပ်(သို့) ထိုင်းဘာသာစကား တခုခုမတတ်ရင် MOU အလုပ်တွေကလွဲပြီး ကျန်တဲ့အလုပ်တွေရဖို့ ခက်ခဲပါလိမ့်မယ်။ ဘာသာစကားလည်းရမယ်၊ လူခံလည်းရှိမယ်ဆိုရင် ကိုယ့်နိုင်ငံထက်စာရင် အခွင့်အလမ်းပိုပေါလို့ လာသင့်ပါတယ်။ ကိုယ့်ဘက်ကလည်း အလုပ်ဘယ်လိုရှာရမလဲဆိုတဲ့ အခြေခံဗဟုသုတတော့ ရှိထားဖို့ လိုပါလိမ့်မယ်။ ဘာအလုပ်ရရ၊ လုပ်မယ်ဆိုတဲ့သူတွေအတွက်တော့ အလုပ်ကရှာတတ်ရင် ရနိုင်ပါတယ်။

ထိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတယ်။ ဆုန်ခရမ်သင်္ကြန်ပွဲကိုလည်း တလအထိ ကျင်းပမှာဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းလာနိုင်ပါတယ်။ ပွင့်လင်းရာသီ ခရီးသွားကာလရောက်လာလို့ ဖူးခက်၊ ပတ္တရား၊ ကော့စမွေတို့လို နေရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာနိုင်ပါတယ်။

အင်္ဂလိပ်စာ အားကောင်းမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။ LinkedIn၊ Line၊ JobDB တို့လို ဆိုရှယ်မီဒီယာ App တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်မယ်ဆိုရင်တော့ အလုပ်ရဖို့ အထောက်အကူ ပိုဖြစ်ပါလိမ့်မယ်။

ဒါက တော့ သာမန်ထက်ပိုတဲ့ လူငယ်တွေအတွက်ပါ။ ထိုင်းနိုင်ငံမှာ မြန်မာအများစုလုပ်ရတဲ့ အလုပ်တွေက ကာယလုပ်သား (Blue Collar) အလုပ်တွေ ပိုများပါတယ်။ စားသောက်ဆိုင်၊ စက်ရုံအလုပ်ရုံ၊ အထည်ချုပ်၊ ဆောက်လုပ်ရေး

ကယ်ရီဆွဲ၊ ဈေးဆိုင်အလုပ်သမား၊ သန့်ရှင်းရေး၊ ဆိုင်အကူနဲ့ အလုပ်ကြမ်းတို့လို အခြေခံကျတဲ့ အလုပ်တွေ လုပ်ရတာများပါတယ်။

အလုပ်ရွေးနေမယ်ဆိုရင်တော့ အလုပ်ရဖို့ ခက်ခဲပါလိမ့်မယ်။ လုပ်အားခအနေနဲ့ အထောက်အထားပြည့်ပြည့်စုံစုံ ရှိတာ၊ မရှိတာရယ်နဲ့ နေရာအပေါ်မူတည်ပြီး တနေ့ကို ဘတ်နှစ်ရာကနေ လေးရာအထိ ရကြပါတယ်။

စားစရာ၊ နေစရာပေးပြီး လစာအသင့်အတင့်ရတဲ့ အလုပ်မျိုးတွေလည်း ရှာတတ်ရင် ရနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိ အခြေခံလုပ်ခလစာ တရက်ကို ပျမ်းမျှ (၃၅၃ ဘတ်) သတ်မှတ်ထားပါတယ်။ အလုပ်နားရက်တွေမှာ ပုံမှန်အတိုင်း အလုပ်ဆင်းရရင် လုပ်အားခ နှစ်ဆရရှိမှာဖြစ်ပြီး အချိန်ပိုဆက်လုပ်ရမယ်ဆိုရင်တော့ အချိန်ပိုလုပ်အားခက တစ်နာရီလုပ်အားခရဲ့ သုံးဆရရှိမှာ ဖြစ်ပါတယ်။

မဲဆောက်လို နယ်စပ်မြို့တွေမှာတော့ ငွေလဲ၊ အရောင်းအဝယ်လုပ်၊ မဟုတ်ရင် အွန်လိုင်းဈေးရောင်း၊ ဉာဏသမားတွေဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ရှာ၊ မရရင်တော့ ကုန်ထမ်း၊ ဆောက်လုပ်ရေး၊ ခြံရှင်း၊ အလုပ်ကြမ်းတွေ ရှာလို့ရပါတယ်။

– နေရေး၊ စားရေး

အခုနောက်ပိုင်းမှာ နိုင်ငံရေးအရ ခိုလှုံလာသူတွေများလာကြောင့် နဂိုရှိရင်စွဲရွှေ့ပြောင်းတွေအပေါ် ရိုက်ခတ်မှုက အနည်းအကျဉ်းတော့ ရှိခဲ့ပါတယ်။ ငွေထုပ်ပိုက်လာသူတချို့က ကြိုက်ဈေးပေးပြီး အိမ်ငှားတာတွေကြောင့် ကျန်တဲ့သူတွေအတွက် အိမ်ငှားရဖို့ခက်ခဲတာတွေ ရှိခဲ့ပါတယ်။

မဲဆောက်မှာ တန်းလျားပုံစံမျိုး တိုက်ခန်းတွဲတွေအများစု တွေ့ရပြီး အခန်းခ ဘတ်(၁၅၀၀)ကနေ (၃၅၀၀)အထိ ရှိပါတယ်။ အိမ်ပိုင်ရှင်နဲ့ ပွဲစားတွေအပေါ်မူတည်ပြီး စပေါ် တလစာ(သို့မဟုတ်)နှစ်လစာအထိ ပေးရတတ်ပါတယ်။ ငွေသုံးနိုင်ရင်တော့ ကွန်ဒို၊ အပါ့မန့်၊ ခြံနဲ့ဝန်းနဲ့ နေချင်ရင်တော့ ဘတ်(၄၀၀၀) ကနေ နှစ်သောင်းအထိ ရှိပါတယ်။ ငွေကြေးနဲ့ အလုပ်ကိုင်အခက်အခဲကြောင့်စုပေါင်း တွဲဘောနေမယ်ဆိုရင်တော့ ဘတ် (၅၀၀)နဲ့ ၁၅၀၀ လောက်ရှိကြပါတယ်။

စားစရိတ်အနေနဲ့ မြန်မာအလုပ်သမားများတဲ့ မဲဆောက်ဈေးလိုနေရာမျိုမှာ မနက်စာက ဘတ် (၂၀) ကနေစပြီး သုံးလေးငါးဆယ်အထိ ကိုယ်သုံးရင်သုံးသလို ကုန်နိုင်ပါတယ်။

ချွေတာတတ်ရင်တော့ တနေ့ကို ဘတ်တစ်ရာဝန်းကျင်လောက်နဲ့ လောက်အောင်စားလို့ ရပါတယ်။ ဒန်ပေါက်၊ ကြက်ပင်စိမ်း၊ ဝက်ပင်စိမ်း ၊ ဖက်ထိုင်း၊ ကွေ့တီယို၊ ကြက်ဆီထမင်း တစ်ပွဲ ၄၀၊ ၅၀ တန်တွေလည်း ရှိပါတယ်။

နိုင်ငံရေးအရ ရွှေ့ပြောင်းလာသူတွေ ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်တွေဆိုရင်တော့ တချို့ အခြေခံလူတန်းစားတွေ သိပ်မကပ်နိုင်ကြပါဘူး။ မဲဆောက်မှာ ဈေးကူရောင်းပေးတဲ့သူတယောက်ကို တနေ့ ဘတ် ၄၀၀ ကနေ ၅၀၀ လောက် ရတာကြောင့် နေစရိတ်ကို တရက် ဘတ် ၁၀၀-၁၅၀ ဝန်းကျင်၊ စားစရိတ် ၁၅၀ လောက်သုံးမယ် ဆိုရင်မပိုလျှံပေမယ့် ရပ်တည်လို့ရပါတယ်။

Photo : Myanmar Rhythm

မဲဆောက်ဈေးရုံကြီး မြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *