ပန်းရောင်ကတ်အကြောင်း

0

ဖေဖော်ဝါရီ၊ ၁၄

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ထုတ်ပေးတဲ့ ပန်းရောင်ကတ်လုပ်ငန်းစဉ်တွေ ပြန်စနေပြီလို့ သိရပါတယ်။ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်တာတွေ မရှိသေးပေမယ့် နာမည်စာရင်း (Name List) ကောက်ခံတာတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

ဒီအတွက် ပန်းရောင်ကတ်ပြုလုပ်ရတဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို Myanmar Rhythm ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပန်းရောင်ကတ်ကို ကိုယ်တိုင်လုပ်ရင် ကုန်ကျစရိတ်သက်သာမှာဖြစ်ပေမယ့် ဘာသာစကားအခက်အခဲနဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် အများစုကတော့ Work Permit၊ နာမည်စာရင်း (Name List) ပါအောင် ပွဲစားတွေနဲ့တဆင့်လုပ်ကြပါတယ်။

ပွဲစားအပေါ်မူတည်ပြီး ပန်းရောင်ကတ်ထွက်ဖို့ ဘတ် (၉၀၀၀) ဝန်းကျင်ကနေ ဘတ်(၁၂၀၀၀) လောက်အထိ ပေးကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က CI စာအုပ်လုပ်ဖို့အတွက် ထိုင်းအစိုးရက ကြေညာထားပြီး စာအုပ်ဖိုး ဘတ်(၇၁၀)၊ ဗီဇာခ ၁၁၀၀၊ မြန်မာနိုင်ငံကိုဆောင်ရမယ့် အခွန်တလကို ဘတ် (၄၅၀)နဲ့ တုံကင်ဝယ်ဖို့အတွက် ဘတ်(၂၂၀၀) စုစုပေါင်း ဘတ်(၄၅၆၀) ကို CI အတွက် ပေးသွင်းရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ဆောင်ခကတော့ လုပ်ပေးတဲ့ အေးဂျင့်ပွဲစားတွေအပေါ်မူတည်ပြီး ဘတ်တသောင်းအထက်ကျနိုင်တယ်လို့ ဆိုပါတယ်။
ပန်းရောင်ကတ်က သတ်မှတ်ဒေသတခုတည်းမှာပဲ အလုပ်လုပ်ကိုင်ခွင့်ရှိပြီး နယ်ကျော်သွားလာခွင့်မရှိဘဲ ဗီဇာထည့်ပြီးသား နိုင်ငံကူးလက်မှတ်(သို့) CI + Work permit ရှိမှပဲ တနိုင်ငံလုံး နယ်ကျော်သွားလာခွင့် ရှိမှာဖြစ်ပါတယ်။

ပန်းရောင်ကတ်(သို့) ဘတ်ရိုက်ခြင်း လုပ်ငန်းစဉ်အသေးစိတ်
—————————–
(၁) စရံငွေသွင်း လိုအပ်တဲ့ အချက်အလက်ပေးပြီးရင် နှစ်ပတ်အတွင်း အမည်စာရင်းပြန်ကျပါမယ်။
(၂) ဆေးစစ်၊ အာမခံဝယ်ပြီး Work permit ဆက်လျှောက်ပေးပါမယ်။
(၃) တောမောရုံး(ထိုင်းလဝကရုံး)မှာ လက်ဗွေနှိပ်ရပါမယ်။
(၄) လက်ဗွေနှိပ်ပြီးရင်ရလာတဲ့ စာရွက်တွေနဲ့ အတူ နိုင်ငံကူးလက်မှတ် (သို့) CI စာအုပ်ထဲကို နေထိုင်ခွင့်ဗီဇာထည့်ပေးရပါမယ်။
(၅) ဗီဇာ+ Work permit နှစ်ခုစလုံးစုံရင် သက်တမ်းကုန်တဲ့အထိ တရားဝင်နေလို့ရပါပြီ။
(၆) ပန်းရောင်ကတ်၊ Work Permit စာအုပ် ထုတ်ရပါမယ်။
* Work Permit ဆိုတာက တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုတဲ့ အထောက်အထားဖြစ်ပြီး စာအုပ်အပြာရောင်ကို အလွယ်ခေါ်ကြတာပါ။ အလုပ်လုပ်ခွင့်သက်တမ်း နှစ်နှစ်ပေးထားပြီး သက်တမ်းထပ်တိုးရင် အသစ်တွေက တနှစ်၊ အဟောင်းတွေကို နှစ်နှစ်ပေးထားပါတယ်။
* CI စာအုပ် (Certificate of Identity) ဆိုတာက ပန်းရောင်ကတ်နဲ့ အလုပ်လုပ်နေပြီး နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာတွေအတွက် အစားထိုးထုတ်ပေးတဲ့ စာအုပ်ပါ။
အဲဒီစာအုပ်နဲ့ ထိုင်းနိုင်ငံအတွင်း သွားလာနိုင်ပြီး မြန်မာနိုင်ငံကလွဲရင် တခြားနိုင်ငံတွေကို သွားလို့မရပါဘူး။ ပန်းရောင်ကတ်နဲ့ Work Permit စာအုပ်လုပ်ထားတဲ့သူတွေအနေနဲ့ CI စာအုပ် ကို မဖြစ်မနေလုပ်ရပါမယ်။ သက်တမ်းက လေးနှစ်ပေးထားပြီး စာအုပ်လုပ်ဖို့အတွက် ပန်းရောင်ကတ်နဲ့ Work Permit စာအုပ်လိုပါတယ်။

Photo : Files
#myanmarrhythm
#pinkcard

Leave a Reply

Your email address will not be published. Required fields are marked *