မဲဆောက်(သို့) မြန်မာရွှေ့ပြောင်းတွေရဲ့ ဒုတိယ ရန်ကုန်
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အနီးအနားပတ်ချာလည်မှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတချို့ကို မြန်မာနိုင်ငံကနေတိမ်းရှောင် ခိုလှုံတဲ့သူတွေ ရှိလာပါတယ်။
စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လို့ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်သူတွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် လွတ်မြောက်နယ်မြေ အသီးသီးကို ထွက်ပြေးလာရသူတွေ၊ တိုက်ပွဲတွေကြောင့်ထွက်ပြေးလာရသူတွေ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွှေ့အခြေချတဲ့သူတွေ တနေ့ထက်တနေ့ ပိုမိုများပြားလာပါတယ်။
ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို ထွက်ပြေးခိုလှုံတဲ့သူတွေက အရေအတွက်အရ ပိုများပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နိုင်ငံနယ်နမိတ်ချင်း ထိစပ်မှုအများဆုံးဖြစ်ပြီး ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ပိုမိုများပြားလာတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာနဂိုရှိရင်းစွဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပြင် စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားကနေ ပြောင်းရွှေ့လာသူတွေအများစုက မဲဆောက်မြို့ကို တရားမဝင် ရောက်ရှိလာခဲ့ကြတာပါ။
ဒီတော့… မဲဆောက်မြို့မှာ ဘယ်လိုနေထိုင်မလဲ၊ မဲဆောက်မြို့ရောက်ရင် ကြုံတွေ့ရမယ့် အခက်အခဲတွေက ဘာတွေလဲ။
ပထမဆုံးအနေနဲ့ မဲဆောက်မြို့မှာနေမယ်ဆိုရင် အထောက်အထားတခုခုရှိမှ အဆင်ပြေပါမယ်။ အထောက်အထားဆိုတဲ့နေရာမှာ မဲဆောက်ထိုင်းရဲတွေကနေ နားလည်မှုနဲ့ ထုတ်ပေးထားတဲ့ ရဲကတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘတ်ကတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်နဲ့ တောင်ပေါ်သားမှတ်ပုံတင်(ဆယ်နှစ်ခံကတ်) တို့ကို ပြောတာပါ။
ရဲကတ်(ပုလိပ်ကတ်)
မဲဆောက်မြို့ကို ရောက်လာတဲ့အချိန်မှာ ဘာအထောက်အထားမှ မရှိသူတွေ(အောက်လမ်းကလာသူတွေ)အနေနဲ့ ရဲကတ်ကို မဖြစ်မနေ အရင်ဆုံးလုပ်ရပါတယ်။ ရဲကတ်မှမလုပ်ထားရင် ကိုယ်နေတဲ့နေရာကနေ အပြင်ထွက်ဈေးဝယ်၊ ဟိုနားဒီနားသွားဖို့တောင် အဆင်မပြေပါဘူး။ အခန့်မသင့်လို့ ရဲအဖမ်းခံရရင် အထောက်အထားမဲ့အမှုနဲ့ အဖမ်းခံရမယ်။ အဖမ်းခံရတဲ့အချိန် ပိုက်ဆံတတ်နိုင်ရင်တော့ မြန်မာစကားပြန်ပွဲစားတွေနဲ့ညှိပြီး ဘတ်ငွေအနည်းဆုံး သောင်းဂဏန်းတော့ ထိုင်းရဲတွေကို ပူဇော်ပသရမှာ အသေအချာပါ။ အဲလိုမှ မဖြေရှင်းနိုင်ရင်တော့ မဲဆောက်အချုပ်မှာ(၄၅)ရက်နေပြီး မြန်မာဘက်အခြမ်းကို ပြန်အသွန်ခံရမှာပါ။ နိုင်ငံရေးအခြေအနေရ မဲဆောက်ကို ရောက်လာတဲ့သူအများစုကတော့ ရဲကတ်နဲ့(သို့မဟုတ်)ပန်းရောင်ကတ်နဲ့နေကြတာ များပါတယ်။
ဒီအတွက် မဲဆောက်ကို တရားမဝင်ရောက်လာတဲ့သူမှန်သမျှ မဲဆောက်ရဲစခန်းမှာပဲဖြစ်ဖြစ်၊ ထိုင်းရဲတွေရဲ့ ပွဲစားတွေကနေတဆင့် ရဲကတ်လုပ်ကြပါတယ်။ လတလရဲ့ လကုန်ရက်ကနေ ငါးရက်နေ့အထိ ရဲကတ်လုပ်ပေးကြပါတယ်။
ကိုယ့်ရဲ့ဓာတ်ပုံနှစ်ပုံ၊ နာမည်၊ လက်ရှိကိုင်နေတဲ့ ထိုင်းဖုန်းနံပတ်နဲ့အတူ ဘတ်ငွေသုံးရာပေးလိုက်ရင် သက်ဆိုင်ရာပွဲစားတွေကနေ တလအတွင်း ဖုန်းဆက်လို့ရမယ့်သူတယောက်ရဲ့ ဖုန်းနံပတ်တခု ပေးပါလိမ့်မယ်။ တကယ်လို့ အပြင်သွားရင်း ထိုင်းရဲနဲ့တိုးလို့ စစ်လာတဲ့အခါ ရဲကတ်တာဝန်ယူလုပ်ပေးထားတဲ့ ပွဲစားဖုန်းနံပတ်ကို ဆက်ရပါမယ်၊ ပွဲစားက မှန်ကန်ကြောင်းအတည်ပြုပေးရင်တော့ ပြဿနာမရှိလှပေမယ့် ပွဲစားဖုန်းမကိုင်ရင်တော့ မဲဆောက်ရဲစခန်းထဲ အလည်ရောက်ဖူးသွားမှာပါ။ ပြောချင်တာက အာမခံချက် ရာနှုန်းပြည့် မရှိလှဘူးဆိုတာပါ။ တရားဝင်ပြောထားတာတွေ မရှိပေမယ့် ရဲကတ်က မနက် ၆ နာရီကနေ ည ကိုးနာရီအထိပဲ အပြင်ထွက်လို့ရတယ်လို့ ဆိုပါတယ်။ မနက်အစောပိုင်းတွေက ပြဿနာသိပ်မရှိလှပေမယ့် ညကိုးနာရီနောက်ပိုင်း ရဲအစစ်ခံရရင်တော့ ဖမ်းတဲ့ရဲရဲ့ အခြေအနေပေါ် မူတည်ပါလိမ့်မယ်။ ပြောချင်တာက ထွေးတတ်တဲ့သူတွေအနေနဲ့
ညပိုင်းအပြင်မထွက်တာ အကောင်းဆုံးပါပဲ၊ မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း မသောက်ထားတဲ့သူကို ဆိုင်ကယ်မောင်းခိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်တင်မက ထိုင်းတနိုင်ငံလုံးမှာ မူးမောင်ပြစ်ဒဏ်ကို ဘယ်လိုမှ လျှော့ပေါ့ မပေးလို့ပါပဲ။ မူးမောင်းနဲ့မိရင် အနည်းဆုံး ဘတ်ငါးထောင်ကနေ သောင်းဂဏန်းအထိ သွားပါလိမ့်မယ်။
နောက်ပြီး မဲဆောက်မြို့တွင်းအပြင် ဖို့ဖရ၊ ကျောက်ခတ်၊ မဲ့ကဆာ၊ မယ်ရမတ်တို့လို ရွာနီးစပ်ချုပ်တွေမှာလည်း ခြံငှား၊ အိမ်ငှားပြီးနေကြတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုနေရာတွေမှာ နေမယ်ဆိုရင်တော့ သက်ဆိုင်ရာ ရွာသူကြီးဆီမှာ သူကြီးကတ်လုပ်ပြီး နေကြပါတယ်။
အရင်တုန်းကတော့ လူတယောက်ကို ဘတ် ၁၀၀ နဲ့ ခြောက်လတခါ သက်တမ်းတိုးနေကြပါတယ်(အခုတော့ ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်)။ ပြီးတော့ မယ်ရမတ်၊ ကျောက်ခတ်၊ ဖို့ဖရတို့လို့မြို့လေးတွေမှာနေမယ်ဆိုရင်လည်း နယ်မြေရဲစခန်းမှာ တလကို ဘတ် ၃၀၀ နဲ့ ရဲကတ်လုပ်လို့ရပါတယ်။
ဒါပေမဲ့ အဲဒီရဲစခန်းတွေမှာလုပ်ထားတဲ့ ရဲကတ်တွေက မဲဆောက်မြို့အတွက်တော့ အကျုံးမဝင်လို့ ဈေးဝယ်၊ ဘာဝယ်လာဖို့အတွက် မဲဆောက်ရဲကတ်တော့ လိုပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ မဲဆောက်မြို့နဲ့ အနီးတဝိုက်မှာ ထိုင်းရဲကို လိုင်းကြေးပေးပြီး ရဲကတ်နဲ့နေတဲ့သူ နှစ်သိန်းနီးပါရှိနေတယ်လို့ ဆိုပါတယ်။
ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တံတားကူးလက်မှတ်)
၂၀၁၆ ခုနှစ်ကစပြီးလည်ပတ်ခွင့်ပြုထားတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တံတားကူးလက်မှတ်)နဲ့လည်း မြဝတီမြို့ကနေ မဲဆောက်မြို့ကိုလာရောက်လည်ပတ်သူတွေ၊ မဲဆောက်မြို့မှာ အလုပ်လုပ်ပြီး
တံတားကူးလက်မှတ်ကို တပတ်တခါ သက်တမ်းသွားတိုး နေကြတဲ့သူတွေလည်းရှိပါတယ်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(တံတားကူးလက်မှတ်)နဲ့ မဲဆောက်ဘက်ကို လာမယ်ဆိုရင် မြန်မာဘက်အခြမ်းမှာ ကျပ်ငွေ ၂၀၀၀ နဲ့ ထိုင်းဘက်အခြမ်းမှာ ဘတ် ၄၀ ပေး ပြီး ၆ ညအိပ် ၇ ရက် ဝင်ရောက်ခွင့်ရမှာဖြစ်ကာ မဲဆောက် ၊ဖုတ်ဖရနဲ့ မယ်ရမတ်မြို့တွေကို လည်ပတ်လို့ရမှာဖြစ်ပါတယ်။ အရင်တုန်းက တံတားလက်မှတ်လုပ်ဖို့ ကိုဗစ်ထောက်ခံစာနဲ့ မှတ်ပုံတင်လိုပေမယ့် ထိုင်းဘက်က ကိုဗစ်စည်းမျည်းစည်းကမ်းတွေ ဖြေလျှော့လိုက်ပြီးနောက်ပိုင်းမှာ မှတ်ပုံတင်ရှိရုံနဲ့ တံတားကူးလက်မှတ် လုပ်လို့ရပါပြီ။ ဒါပေမဲ့ နောက်ကြောင်းမအေးတဲ့သူတွေ အနေနဲ့တော့ တံတားပေါ်ကနေ အရဲကိုးပြီး မဖြတ်သင့်ပါဘူး။
ဘတ်ကတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်
ပန်းရောင်ကတ်ဆိုတာကတော့ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ရွှေ့ပြောင်းလာတဲ့သူတွေကို တရားဝင်ဖြစ်အောင် ထိုင်းအစိုးရကထုတ်ပေးတဲ့ သက်သေခံကတ်ပြားကို ပြောတာပါ။ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် ပန်းရောင်ကတ်ရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ခြင်ပေမယ့် ဗီဇာကြေးမတတ်နိုင်တဲ့သူတွေအနေနဲ့လည်း ပန်းရောင်ကတ်ရှိရင် ရေရှည်နေထိုင်နိုင်ပါတယ်။ ပန်းရောင်ကတ်ကို ကိုယ်တိုင်လုပ်ရင် ကုန်ကျစရိတ်သက်သာမှာဖြစ်ပေမယ့် ဘာသာစကားအခက်အခဲနဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် အများစုကတော့
Work Permit နာမည်စာရင်း (Name List) ပါအောင် ပွဲစားတွေနဲ့တဆင့်လုပ်ကြပါတယ်။ ပွဲစားအပေါ်မူတည်ပြီး ပန်းရောင်ကတ်ထွက်ဖို့ ဘတ် ၈၅၀၀ ကနေ ဘတ် ၁၂၀၀၀ လောက်အထိ ပေးကြရတယ်လို့ သိရပါတယ်။
တခုရှိတာက ပန်းရောင် ကတ်လုပ်ထားမယ်ဆိုရင် ဘဏ်အကောင့်ဖွင့်လို့ရမယ်၊ ယာဉ်မောင်းလိုင်စင်လုပ်လို့ရမယ်၊ ရုံးလုပ်ငန်းတွေလုပ်ရတာတွေ အဆင်ပြေသွားမှာပါ။ လက်ရှိအချိန်မှာတော့ Work Permit နာမည်စာရင်း (Name List) ထုတ်ပေးတာတွေကို တရားဝင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အေဂျင်စီတွေ၊ ပွဲစားတွေပေါင်းပြီး VIP လမ်းကြောင်းနဲ့ ဘတ်ရိုက်လို့ရတယ် ပြောနေကြပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ဘတ်အသစ်ရိုက်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ Work Permit လုပ်ငန်းစဉ်ကို ကျွမ်းကျင်တဲ့သူတွေက ပြောထားပါတယ်။
တောင်ပေါ်သားမှတ်ပုံတင်(ဆယ်နှစ်ခံကတ်)
ထိုင်းနိုင်းငံမှာ အနေကြာသွားရင် တောင်ပေါ်သားမှတ်ပုံတင် ဆယ်နှစ်ခံကတ်လုပ်လို့ရပါတယ်။ ဆယ်နှစ်ခံကတ်ပြားက အမျိုးမျိုးရှိတယ်။ ထိုင်းနိုင်ငံတောင်ပေါ်မှာ မွေးတဲ့သူ၊ အရင်တုန်းက မြန်မာ-ထိုင်းနယ်စပ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးရင်းရောက်နေတဲ့သူတွေ၊ ထိုင်းမှာနေတာကြာနေတဲ့ သူတွေမှာ တောင်ပေါ်သားကတ်ရှိကြပါတယ်။ တခုရှိတာက ဆယ်နှစ်ခံ တောင်ပေါ်သားကတ်က ထိုင်းနိုင်ငံသားမှတ်ပုံတင်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံထဲမှာ နေထိုင်ခွင့်ပြုထားတဲ့ လက်မှတ်တခုပဲ ဖြစ်ပါတယ်။ ဆယ်နှစ်ခံကတ်ပြားရဲ့အရှေ့နံပတ်အစတွေဖြစ်တဲ့ ၆ နဲ့ ၇ တို့က တောင်ပေါ်သား ရှမ်း၊ ကရင်၊ လီဆူး၊ လားဟူ၊ ကချင် တို့လို တိုင်းရင်းသားတွေအတွက် ထုတ်ပေးထားဖြစ်ပါတယ်။ ၀ နဲ့ ၈၉ နံပတ်နဲ့ စတာတွေက ထိုင်းနိုင်ငံမှာ အနေကြာတဲ့သူတွေအတွက် ထုတ်ပေးထာဖြစ်ပါတယ်။
အခု (၁၀) နှစ်ခံ ကဒ် နောက်ဆုံး ထုတ်ပေးနေတာက (ဝ-၀၀) နံပါတ်ပါ။ ဆယ်နှစ်ခံကတ် ကိုင်ထားတဲ့သူတွေက ထိုင်းနိုင်ငံမွေးစာရင်းရှိရင် နယ်ကျော်လိုရပြီး မရှိတဲ့ သူဆို ၅ နှစ် ကျော်မှ နယ်ကျော်ခွင့်ပြုတယ်လို့ သိရပါတယ်။ အရေးကြီးကိစရှိလို့ နယ်ကျော်ချင်ရင်တော့ လဝက ရုံသွားပြီးနယ်ကျော် ခွင့်ပြုချက် ယူရမှာဖြစ်ပါတယ်။ ဆယ်နှစ်ခံကတ်နဲ့ ထိုင်းနိုင်ငံသားလျှောက်လို့ရတဲ့သူတွေက ၆ / နံပါတ် ၇/နံပါတ် (ဝ-၈၉) ကိုင်ဆောင်ထားတဲ့သူတွေဖြစ်ပြီး လိုအပ်ချက်တွေ ပြည့်စုံတယ်ဆိုရင် ဆယ်နှစ်ကတ်ပြားကနေ ထိုင်းနိုင်ငံသား မှတ်ပုံတင် တောင်းလိုရပါတယ်။
အခုလက်ရှိ ဆယ်နှစ်ခံကတ် ကိုင်ဆောင်သူ အများစုက မြန်မာနိုင်ငံကနေ မဲဆောက်ကို လာရောက်ခိုလှုံနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အများစု ပါဝင်ကြပြီး ဆယ်နှစ်ခံကတ်ရဖို့အတွက် ဘတ်ခြောက်သောင်းကနေ ဘတ် ရှစ်သောင်းအထိ ပေးကြရတယ်လို့ သိရပါတယ်။
ဆိုင်ကယ်၊ ကား အမောင်းလိုင်စင်
မဲဆောက်ကိုရောက်လာပြီဆိုရင်၊ ဆိုင်ကယ်တစီးတော့ မဖြစ်မနေဝယ်ကြရပါတယ်။ တတ်နိုင်တဲ့သူတွေက တတ်နိုင်တဲ့အလျောက် ဘတ်နှစ်သောင်းကနေ လေးသောင်းအထိ တန်ဖိုးရှိတဲ့ ဆိုင်ကယ်တွေဝယ်ကြသလို့ ဘတ်တသောင်းပတ်ချာလည် သုံးမယ်ဆိုရင် တပတ်ရစ်သန့်သန့် ဆိုင်ကယ်တစီး ဝယ်စီးလို့ရပါတယ်။ လူမှာရဲကတ်ရှိသလို ဆိုင်ကယ်မှာလည်း ရဲကတ်ရှိပါတယ်။ အရင်တုန်းကတော့ ဆိုင်ကယ်စီးဖို့ရဲကတ်စလုပ်မယ်ဆိုရင် စစချင်း ဘတ်ကိုးရာပေးရပြီး နောက်လတွေမှာ ဘတ်ခြောက်ရာ လစဉ်ပေးရပါတယ်။ နောက်ပိုင်းမှာတော့ တလကို ဘတ်တထောင်ဖြစ်သွားပါတယ်။ ပွဲစားတွေကို ဆိုင်ကယ်စီးမယ့်သူရဲ့ နာမည်၊ ဆိုင်ကယ်နံပတ်၊ ဖုန်းနံပတ်၊
ဓာတ်ပုံနှစ်ပုံနဲ့ ဘတ်တထောင်ပေးလိုက်ရင် လူရဲကတ်လို့ပဲ ပွဲစားတယောက်ရဲ့ ဖုန်းနံပတ်ရပါတယ်။ လမ်းမှာရဲစစ်ရင် သူ့ဖုန်းနံပတ်ကိုခေါပြီး လိုင်းကြေးပေးထားကြောင်း အတည်ပြုပေးရင် သွားလို့ရပါပြီ။ သတိထားရမှာတခုက ကိုယ်နဲ့နောက်က လိုက်စီးမယ့်သူက ရဲကတ်လို အထောက်အထားတခုခုတော့ ရှိမှရပါမယ်။ မဟုတ်ရင် လူကုန်ကူးမှုနဲ့ ဘတ်ငွေသောင်းဂဏန်း ကုန်ပါလိမ့်မယ်။ ဆိုင်ကယ်ထက်ပိုတတ်နိုင်လို့ ကားစီးမယ့်သူတွေအနေနဲ့လည်း ဘတ်လေးသောင်းဆို ကားကောင်းစီးလို့ရပါတယ်။ ကားအတွက်လည်း ရဲကတ်ရှိတယ်။ စီးမယ့်ကားနဲ့ မောင်းတဲ့သူကို ရဲစခန်းမှာ ဓာတ်ပုံရိုက်ယူထားမှာပါ။ မိသားစုပဲစီးမယ်ဆိုရင် ဈေးတမျိုး၊ အငှားကားပုံစံလုပ်မယ်ဆို ဈေးတမျိုးပါ။ မိသားစုစီးအတွက်က တလကို ဘတ် ၁၅၀၀ ပေးရပြီး တက္ကစီဆွဲမယ်ဆိုရင်တော့ ဘတ် ၃၅၀၀ ပေးရပါလိမ့်မယ်။ ဆိုင်ကယ်လိုပဲ ကားလိုက်စီးမယ့်သူက အနည်းဆုံး ရဲကတ်တော့ ရှိရပါမယ်။ ကားနဲ့ဆိုင်ကယ်နှစ်ခုစလုံးက လိုင်းကြေးပေးထားတဲ့ နာမည်ပိုင်ရှင်ပဲ မောင်းလို့ရပါလိမ့်မယ်။ ရဲစစ်လို့ လူနဲ့ ကား၊ ဆိုင်ကယ်နဲ့ လွဲနေရင် စခန်းမှာ စကားပြောရပါလိမ့်မယ်။
နေရေးထိုင်ရေး
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာတဲ့သူတွေများလာတာကြောင့် မဲဆောက်မှာအိမ်ရှာရတာ မခက်ပေမယ့် လွယ်ကူတဲ့ကိစ္စတခုတော့ မဟုတ်ပါဘူး။ ငွေထုတ်ပိုက်ပြီး ပြောင်းလာတဲ့သူအနည်းစုအတွက်တော့ ကိုယ့်စိတ်ကြိုက်အိမ်ရှာနိုင်ပေမယ့် အများစုအတွက်တော့ အဆင်မပြေလှပါဘူး။ အီလစ်အသိုင်းအဝိုင်းတွေ အများစုနေထိုင်ကြတဲ့ မဲဆောက်ဗီလာလိုနေရာမှာဆိုရင် ဘတ်ခြောက်ထောင်ကနေ သောင်းဂဏန်းအထိရှိတတ်ပြီး ဆင်ခြေဖုံးလိုနေရာတွေမှာ လုံးချင်းအိမ်တလုံးကို ပျမ်းမျှအနေနဲ့ တလကို ဘတ်ငါးထောင်အနည်းဆုံးပေးရပါတယ်။ တိုက်ခန်းတွဲတွေ၊ တန်းလျားတွေ၊ Shop House လို့ ခေါ်တဲ့ ဆိုင်ခန်းတွဲတွေကတော့ နေရာအပေါ်မူတည်ပြီး တလ ဘတ် တလ ဘတ် ၁၅၀၀ ကနေ ၂၅၀၀၊ သုံးထောင်အထိ ပေးရပါတယ်။ Apartment လိုနေရာတွေမှာ ပေးရတဲ့ လခတန်ဖိုးအလိုက် အဲကွန်း၊ ရေခဲသေတ္တာ၊ ကုတင်၊ မွှေ့ယာတို့ကို ပစ္စည်းတွေပါလေ့ရှိပြီး သန့်ရှင်းသပ်ရပ်မှုက မြန်မာနိုင်ငံထပ်သာတယ်လို့ ပြောနိုင်ပါတယ်။
ဖုန်းနဲ့ အင်တာနက်
မဲဆောက်မှာ ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေ သုံးလေးခုရှိပေမယ့် အများစုကတော့ AIS ဖိုက်ဘာအင်တာနက်လိုင်းကို သုံးကြတာများပါတယ်။ ကနဦးတပ်ဆင်ခ ဘတ်ရှစ်ရာပေးရပြီး တလကို ဘတ်လေးရာကျော် ပေးရပါတယ်။ မိုဘိုင်းဖုန်းအင်တာနက်အတွက်ကတော့ AIS,True Move,Dtac တို့လို ဆင်းမ်ကတ်တွေနဲ့ တလကို ဘတ် ၁၅၀ ကနေ ၂၀၀ တန်အထိ စမတ်ဆင်းမ်ကတ်လုပ်ပြီး အသုံးပြုလို့ရပါတယ်။